ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကိုယ်ကပေးမှ ကိုယ်ပြန်ရ


အကြောင်းနှင့်ကင်းပြီး ဖြစ်ရိုးဖြစ်စဉ် မရှိသော ဤလောကကြီးတွင် ပြုလုပ်  စီမံခြင်း ဟူသော  ပေးဆပ်ခြင်း   မရှိဘဲ မည်သည့် ရယူပိုင်ဆိုင်ခြင်းမျိုးမှ မရှိနိုင်ချေ ။ အကြောင်းရှိမှ အကျိုးရှိရသလို အပေးရှိမှ ရယူခြင်း သည် ဖြစ်ပေါ်လာရချေသည်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က လက်ညှိုးညွှန်လိုက် သည်နှင့် ရွှေအိုးကြီး ဘွားခနဲ ပေါ်လာသည့် အဖြစ်မျိုး ၊ သရက်မျိုးစေ့ကို စိုက်ပျိုးထားလျက် နှင့် ထို သရက်ပင် မှ လိမ္မော်သီး သီးလာသည့် အဖြစ်မျိုးသည် ဒဏ္ဍာရီ ပုံပြင် ယုံတမ်းစကားများသာတွင် သာ တွေ့နိုင်ပါသည်။ 

စင်စစ်မှု အပေးရှိမှ  ရယူနိုင်မှု၊ အသွားရှိမှ အလာရှိမှုတို့သည် အပြန်အလှန် ဆက်သွယ်နေသည့် လောက၏ နိယာမစုံတွဲများ ဖြစ်လေသည် ။ ဤနိယာမသဘောကို လွန်ဆန်ပြီး အပေးမရှိဘဲ ရယူလိုခြင်း၊ အပင်မစိုက်ဘဲ အသီးစားလိုခြင်းသည် အလွန်တရာ မှားယွင်းသော ၀ိသမလောဘ ဦးစီးသည့် တစ်ဖက်သက် စိတ်ဆန္ဒ တစ်ခု သာ ဖြစ်ချေသည်။ 

ဤလောကသည် လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းပြီး တူညီသော ဆန္ဒ၊ ရင်းနှီးချစ်ကြည်မှုတို့ဖြင့် တည်ဆောက်ထားသည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေရာ ထိုလူ့လောက အဖွဲ့အစည်းကြီး မတိမ်းမစောင်း ၊ မပျက် မယွင်းသွားအောင် " အပေးအယူ " ဖြစ်စဉ်ကြီး က ထိန်းချုပ်ပေးထား၍သာ ဤလူ့လောက သည် ဤမျှ ကြာညောင်းစွာ တည်ရှိနေရခြင်း ဖြစ်လေသည်။

လူသည် ပင်ကိုယ်အားဖြင့် ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါ ဖြစ်၍ အချင်းချင်း အပေါ် ပြေပြေလည်လည်၊ ရင်းရင်း နှီးနှီး ဆက်ဆံနေကြရသည်။ ပေါင်းသင်းဆက်ဆံရေး ပြေလည်ကောင်းမွန်လျှင် ကောင်းမွန် သလောက် ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှင် နေထိုင်နိုင်ကြမည် ဖြစ်သည်။  ထို့ကြောင့် လူတိုင်းတွင် မိတ်ဆွေကောင်း ၊ ဘ၀ခရီးဖော်ကောင်းများ သည် မရှိမဖြစ် လိုအပ်လှသည်။

မိတ်ဆွေ သင်္ဂဟ နည်းခြင်း များခြင်းသည် မိတ်ဆွေ သင်္ဂဟ လုံးလုံး မရှိခြင်းနှင့် နှိုင်းစာလျှင်         
 တော်ပေသေး သည်။  အဓိကမှာ အပေါင်းအသင်း နည်းခြင်း ၊များခြင်းထက် မိတ်ဆွေကောင်း တစ်ယောက် ရှိခြင်းက ပို၍ အကျိုးများနိုင်ပေသည်။ 

မိတ်ဆွေ အပေါင်းအသင်းများ အကြောင်း ပြောဆိုကြသောအခါ လူအများစုသည် မိမိအား အကျိုးပြုနိုင်မည့် မိတ်ကောင်းဆွေကောင်းများကို သာ တမ်းတမ်းတာတ ပြောဆိုကြ၏ ။ မိတ်ဆွေတုများကို မလိုချင်၊ ရွံ့မုန်းကြ၏ ... စကားလက်ဆုံကျကြလျှင် မိတ်ဆွေညံ့များ အကြောင်းကို ညည်းညည်းညူညူ ပြောကြမည် မှာ ဓမ္မတာပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့တွင် မိတ်ကောင်း ဆွေကောင်းမရှိသည်က များသောကြောင့် ဖြစ်သည်။ 

အမှန်စင်စစ်တွင် ဤလောကတွင် မိတ်ကောင်းဆွေကောင်းများသည် မရှားပါးပါ။ များစွာ ရှိပါ၏ ။ ရှိလည်း ရှိနေပါ၏  ကိုယ်က ရှိအောင် မလုပ်နိုင်ခြင်းကြောင့် မရှိရခြင်း၊ ရှားပါးဖြင်း ဖြစ်၏။ မိမ်ဘက်က မိတ်ကောင်းဆွေကောင်း ကို ရယူလိုလျှင် မိမိကလည်း ထိုမိတ်ကောင်းဆွေကောင်း ဖြစ်စေလိုသူတို့ အား မိတ်ကောင်းဆွေကောင်း တစ်ယောက်အဖြစ် ပြန်လည် ပေးလိုက်ခြင်းသာဖြစ်ပါသည်။

သို့ဖြစ်လျှင်မိမိဘက်က ဘာတွေကို ပေးမည်နည်း။ မိတ်ဆွေကောင်း လိုချင်သော ပုဂ္ဂိုလ်မှ မိမိထံတွင်ရှိနေအောင် ကျင့်ကြံနေထိုင်အပ်သည့် အကြောင်းတရား (၄)ပါးမှာ-

၁။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ကျေးဇူးပြုခြင်း။

၂။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ဆင်းရဲအတူ၊ ချမ်းသာအတူ၊ အေးအတူ ပူအမျှ နေထိုင် ဆက်ဆံခြင်း၊ 

၃။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် အကျိုးစီးပွားရှိရာ ရှိကြောင်းကို ညွှန်ပြပြောဆိုခြင်း။ 

၎။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ်အစဉ် ကြင်နာ သနားခြင်းတို့ ဖြစ်လေသည်။

ဤတရားလေးပါးကို မိမိ၏ မိတ်ဆွေအပေါ် ပေးအပ်ခြင်းဖြင့် လူ့လောက၏ လာဘ်ကြီးတစ်ခုဖြစ်သည့် မိတ်ဆွေကောင်းများကို မိမိက တစ်ဖန်ရယူနိုင်ကြောင်း မှတ်သားနိုင်ပါသည်။

လူအများစုသည် အရေးအကြောင်း ရှိသောအခါ မိတ်ဆွေကောင်းတို့၏ အကူအညီအစောင်အမကို မရကြသဖြင့် မိမိပေါင်းသင်း ဆက်ဆံရသော အပေါင်းအသင်း မိတ်ဆွေများအပေါ် အပြစ်တင် တတ်ကြသည်။ သို့သော် မိမိဘက်မှ မိတ်ဆွေကောင်း မပီသသော ချို့ယွင်း အားနည်းချက်များကို ကား မမြင်တတ်ချေ။ မိမိဘက်မှ မိမိမိတ်တွေ များ အရေးအကြောင်း ရှိလာသောအခါတွင် ဘာများ ကူညီ ဆောင်ရွက်ပေးနိုင်ပါသနည်း။   

မိမိလိုလားသော မိတ်ဆွေများ၏ အရည်အချင်း စိတ်နေစိတ်ထားမျိုး မိမိတွင် ရှိပါသလော ဆိုသည်ကို ပြန်လည် ဆန်းစစ်သင့်ပါသည်။ အရေးကြီးဆုံးမှာ မိမိကိုယ်တိုင် မိတ်ဆွေကောင်း မပီသဘဲနှင့် ဘယ်သောအခါမျှ မိမိထံသို့ မိတ်ကောင်းဆွေကောင်း တို့ ရောက်လာမည်ဖြစ်ကြောင်း လေးလေး နက်နက် ခံယူ မှတ်သားထားရန် ဖြစ်ပါသည်။ 

အဆွေ ခင်ပွန်းကောင်းသည် မိမိအား လူကောင်းသူကောင်း ဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်သာ မက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အရေးကိစ္စများတွင်လည်း ပြီးစီးအောင်မြင်စေရန် စွမ်းဆောင်ပေးနိင် သော တန်ခိုးရှိလေသည်။ ထို့ကြောင့် လူ့လောကတွင် လူတန်းစေ့ အသက်ရှင် နေထိုင် လိုလျှင် မိတ်ကောင်း ဆွေကောင်းရှိခြင်း ဟူသည့်  ဂုဏ် ရှိရန် လိုသည်။

အကြင်လောကသည် သူ့ဘက် ကိုယ့်ဘက် မျှတသော အပေးအယူတို့ဖြင့် လိုက်ဖက်ညီစွာ တည်ဆောင် ထားနိုင်အံ့။ ထိုလောကသည် နေချင့်စဖွယ် ဘုံဗိမာန်ကြီး တစ်ခု ဖြစ်လာမည် မှာ မလွဲချေ။ ထို့အတူ အကြင် ပုဂ္ဂိုလ်သည်  သူ့ဘက် ကိုယ့်ဘက် မျှတစွာ ကြည့်တတ်သော စိတ်ကောင်း စေတနာကောင်းတို့ဖြင့် မိတ်ဆွေကောင်းတို့၏ အရည့်အသွေးကောင်းတို့ကို မွေးမြူထားအံ့။ ထိုသူသည် မိတ်ကောင်းဆွေကောင်း တို့၏ အကူအညီကို ရ၍ ကြီးပွားချမ်းသာလာမည်ကား အမှန်ပင် ဖြစ်ပါတော့သည်။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
 

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။